Wednesday, February 8, 2012

တွေ့ ဆုံဆွေးနွေးရေးအတွက် ရခိုင်နင့် သမတ ဦးသိန်းစိန်အစိုးရ ဘာကို အသိအမှတ်ပြုကြမှာလဲ


ဒီခေါင်းစဉ်ကို ကျနော် ဘာကြောင့် ရွေးချယ်ရတာကို အစကနေ ပြောပြချင်တယ်။ အခုဟာက သမတ ဦးသိန်းစိန်အစိုးရက အပစ်အခတ်ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးကို လုပ်ကြရာမှာ ထာဝရငြိမ်းချမ်းရေးအတွက် ဆိုပြီး ကြေညာနေတာ တွေ့ ရလို့ ပါဘဲ ။ ခက်နေတာက ကချင်ဖက်မှာ ကရင်ဖက်မှာ ရှမ်းဖက်မှာ ရခိုင်ဖက်မှာ တိုက်ပွဲတွေ မစဲဘဲ ရှိနေချိန်မှာ ဒုက္ခသည်တွေ နယ်စပ်ဒေသတွေကို ထွက်ပြေးလာနေကြချိန် လုပ်နေလို့ ဘဲ ဖြစ် တယ် ။ ဒီတိုက်ပွဲတွေ ဖြစ်နေတာကို သမတဦးသိန်းစိန်က လက်မှတ်ထိုးပြီး ရပ်တန့် ပေးဖို့  ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်ကို အသနားခံစာ တစောင် ပေးပို့ ခဲ့ ပါသေးတယ်။ ဒါပေမဲ့  အဲဒီစာကို လျစ်လှူရှုနေခဲ့ တာပါဘဲ ။ ဒီနောက်ပိုင်းမှာ ပြည်သူ့ လွှတ်တော် ညီလာခံ ကျင်းပလာတာတွေ့ ရတယ်။ အဲဒီပြည်သူ့ လွှတ်တော် ညီလာခံက ဘယ်ကိုယ်စားလှယ်ကမှ အပစ်အခတ်ရပ်စဲဖို့  တောင်းဆိုတာလဲ မကြားရသလို ချက်ချင်းရပ်တန့် ပေးဖို့  ထိုင်ခုံက မတ်တပ်ရပ်ပြီး ငြိမ်းသက်စွာ နေပြတဲ့  သကောင့်သား တယောက် တလေကိုမျှ မတွေ့ မြင်ရတာပါဘဲ ။ နိုင်ငံတကာမှာ မြင်ဖူးတာတွေ သတိရလို့  ပြောတာပါ ။
     ထားပါတော့ ။ အပစ်အခတ်ရပ်စဲရေးအတွက် ပြုလုပ်ကြရမှာလဲဘဲ နယ်စပ်ဒေသတွေမှာ မဟာမိတ်လုပ်ထားတဲ့  လက်နက်ကိုင်အဖွဲ့ တွေကို တကွဲတပြားစီ ခေါ်တွေ့ နေတာက ပြသနာတခုပါဘဲ ။ တချိန်ထဲနဲ့  ပြီးဆုံးသွားမဲ့  စကားဝိုင်းပွဲ တခုကို ရထားဝန်ကြီး ဦးအောင်မင်းက တာဝန်ယူပြီး ဟိုလူ့ လိုက်တွေ့  ဒီလူ့ လိုက်တွေ့ နဲ့  နောက်ဆုံးမှာ မီဒီယာတွေက သူတို့ ရဲ့  စေတနာကောင်းမှုတော်တွေကို ချီးမွှန်းခန်းဖွင့်ပြီး လုပ်နေကြရတာပါဘဲ ။ ဒီကြားထဲ နိုင်ငံခြားသားတွေကလဲ မြန်မာနိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာပါပြီ ဆိုပြီး တထိုင်ထဲနဲ့  ဆုံးဖြတ်လိုက်ကြ ၊ ဗီဇါတွေကို ဖွင့်ပေးနေကြ ။ ပြည်တွင်းကို သွားနေကြနဲ့  ဒီအချိန်ဟာ နိုင်ငံရေး-ရောသမမွှေတဲ့ အ ချိန်ပါဘဲ ။ ဖြစ်နေတဲ့  ပြသနာ တခုကတော့ ပြည်ပက နိုင်ငံရေးအတိုက်အခံ သမားတွေက သမတ ဦးသိန်းစိန် အစိုးရကို မယုံကြသေးဘူးဆိုတဲ့  အချက်တခုကတော့ ပေါ်လွင်နေတုံးပါဘဲ ။ ဒီအချက်ကြောင့်မို့ လို့ လဲ တဖက်က အားလုံးကောင်းပါသည်ခင်ဗျား လို့  မပြောနိုင်သလို ပြည်ပ နိုင်ငံရေးသမားတွေ အဖွဲ့ အစည်းတွေကလဲဘဲ  အားလုံးပြန်လာပါ့မယ် ဆိုတဲ့  စကားကို မပြောကြတာအမှန်ပါဘဲ ။
        ရထားဝန်ကြီး ဦးအောင်မင်း ပြောနေတာ တခုတွေ့ ရတာက အထက်ကို တင်ပြမယ် - သမတဦးသိန်းစိန်ကို တင်ပြမယ်လို့ ဘဲ ကြားနေရပါတယ်။ ကျနော်တို့ လိုချင်တာက ပြည်သူ့ လွှတ်တော်ညီလာခံမှာ တင်ပြပါမယ်လို့  ဆိုတဲ့ စကားကို ကြားချင်နေတာ ။ ဒီတော့ ဒီနေရာမှာ တခုခုတော့ လွှဲနေပြီလို့  ကောက်ချက် ချကြည့်မိပါတယ်။ အခုလို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်တာဟာ ပြည်သူ့ လွှတ်တော် ညီလာခံက လာတဲ့  ဆုံးဖြတ်ချက်နဲ့  လုပ်တာလား ။ ပြသနာ မေးခွန်းက ဒါပါဘဲ ။ အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့ ချင်း ဆွေးနွေးရမယ် ဆိုရင် ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင် လှိုင်က တာဝန်ယူ ရမှာပါ ။ အခုက ရထားဝန်ကြီး ဦးအောင်မင်းက ရထားမမောင်းဘဲ ငြိမ်းချမ်းရေးတမန်တော် လာလုပ်နေလို့ ပါဘဲ ။ ဒါမှမဟုတ် သမတဦးသိန်းစိန် တဦးထဲ သဘောထားနဲ့  လုပ်တာလား ဆိုတာ ခွဲ ခြားလို့  မသိရတာပါ ။ လွန်ခဲ့ တဲ့  -၁၉၆၃- ခုနှစ်က တော်လှန်ရေးကောင်စီလက်ထက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ပြည်တွင်းငြိမ်းချမ်းရေးကို ခေါ်ခဲ့ တယ် ။ ထုံးစံအတိုင်း အဲဒီအချိန်က ဗမာပြည်ကွန်မြူနစ် ပါတီကရော ရခိုင်ပြည် ကွန်မြူနစ်ပါတီကပါ လက်ခံသွားရောက် ဆွေးနွေးဖို့  ပြည်တွင်းကို သွားကြပါတယ်။ ကရင် -မွန်- ကချင် စသည်ဖြင့် နယ်စပ်ဒေသမှာ အင်အားကောင်းကောင်းနဲ့  ရှိနေကြတဲ့  လက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့  တွေ့ ဆုံရာမှာ မည်သူမျှ နိုင်ငံရေးအမြတ် မထုတ်ရ ဆိုတဲ့  မူနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုပ်ခဲ့ တာပါ ။ ဒါပေမဲ့  ဗိုလ်ချုပ်ကြီးနေ၀င်းက နိုင်ငံရေးအမြတ် ထုတ်ခဲ့ ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေက တောထဲကို ပြန်လာကြတဲ့ အခါ သူတို့  ပြည်သူကို ကြောခိုင်း သွားကြလေပြီ ဆိုပြီး ကြေညာပါတော့တယ် ။
     အဲဒီလို ပထမတကြိမ် ပြည်တွင်းငြိမ်းချမ်းရေးကို ပြုလုပ်ခဲ့ ပြီးနောက် သမတဦး သိန်းစိန်အစိုးရက အခုအကြိမ် ပြုလုပ်ခြင်းဟာ ဆင်တူယိုးမှားတွေ ဖြစ်နေတာပါ ။ ဒီအချိန်ကာလရဲ့  ကြားကာလမှာ န၀တ- နအဖ စစ်အစိုးလက်ထက်က ပြုလုပ်ခဲ့ တဲ့  အပစ်အခတ် ရပ်စဲရေးကို မည်သူကမျှ တန်ဖိုးထားကောင်းမှန်း မသိသလို အခုတော့ ပြန်ပြီး တိုက်ခိုက်နေရာကနေ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် လုပ်ကြတော့မယ်လို့  ဖြစ်လာရပြန်တာပါဘဲ ။ ဘာဘဲဖြစ်ဖြစ် ဒီအချိန်ဟာ ဗိုလ်ချုပ်ကြီး နေ၀င်း ပြုလုပ်ခဲ့ တဲ့  ပြည်တွင်းငြိမ်းချမ်းရေးနဲ့  သမတဦးသိန်းစိန်ရဲ့  ငြိမ်းချမ်းရေး ပြုလုပ်နေခြင်းဟာ လူတွေရဲ့  အာရုံစူးစိုက်မှုကို ခံနေရတာကတော့ အတူတူ လို့  ပြောရမှာ အမှန်ပါဘဲ ။ ငြိမ်းချမ်းရေးလုပ်ကြခြင်းဟာ ကောင်းသော မင်္ဂလာတရားပါဘဲ ။ ပြုလုပ်ချင်သူတွေရဲ့  စိတ်ဆန္ဒတွေသာ ရိုးသားစွာ ရှိနေဖို့ လိုပါတယ်။ နယ်စပ်ဒေသတွေရဲ့  တောထဲမှာ အမိုးအကာမရှိဘဲ ချမ်းနေတဲ့ ကြားက စောင်မခြုံနိုင်ဘဲ ခလေးကို နို့ တိုက်နေတဲ့  မိခင်တယောက်ကို မေးကြည့်တဲ့ အခါ အိမ်ကိုပြန်ချင်တယ် အကြောင်း ပြောရှာပါတယ် ။ ထူးခြားတာက စစ်အစိုးရကို မကောင်းဘူးလို့  ဝေဖန်ပြောဆိုတာမရှိဘဲ သူ့ ခမြာ အိမ်ကိုသာ အေးအေးဆေးဆေး ပြန်လို့  ရရင် ပြန်ချင်ပါတယ်လို့  ပြောတာ ဘယ်လောက်များ ရိုးသားသူတွေလဲလို့  ခိုင်းနိုင်းပြောဆိုစရာ ဝေါဟာရတောင် မရှိတော့ပါဘူး ။ သူတို့ တွေဟာ အပြစ်ကင်းမဲ့ နေတဲ့  တောသူတောင်သား တွေပါ ။
     ဒီိလိုအပြစ်မဲ့ တဲ့  မိန်းမတွေ ခလေးတွေကို ဘာကြောင့်များ နှိပ်ကွပ်ပြီး တောထဲကို မောင်းထုတ်ပို့ ကြပါသလဲ ။ သူတို့ တွေရဲ့  နေအိမ်တွေကို မီးရို ဖျက်ဆီးကြရတာပါလဲ ။ သူတို့ ရဲ့  ဆွေမျိုးသားချင်း လင်ယောကျာင်္းတွေ -သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ထောင်ထဲ အကျဉ်းထဲ လုပ်နေကြရပါသလဲ ။ ဒီလိုအနိဋ္ဌါရုံတွေကို ရပ်တန့် ကရပ်ဖို့  သမတ ဦးသိန်းစိန်အစိုးရက အမှန်တကယ် ဆောင်ရွက်လိုစိတ် ရှိနေပါသလား ။ ဒီလိုသာ စိတ်ဆန္ဒရှိနေပြီဆိုရင် ကျနော်တို့  သာဓုခေါ်ပေးဖို့ ရာ ၀န်မလေးကြသူတွေပါ ။ ဒါပေမဲ့  ခုအချိန်ထိ နယ်စပ်ဒေသမှာ ဒုက္ခသည်တွေ ရှိနေတုံးပါလား ။ ဒီဒုက္ခသည်တွေရဲ့  မျက်ရည်တွေ စဲဖို့  သူတို့ ရဲ့  ဘ၀တွေကို ပြန်လည်နေရာချထားပေးဖို့  ဦးသိန်းစိန်တို့  ပြည်သူ့ လွှတ်တော်ညီလာခံမှာ ချက်ချင်း ဆောင်ရွက်ပေးဖို့  လိုနေပါသေးတယ်။ နယ်စပ်က မြို့ တွေမှာ NGO က ထောက်ပံ့ကြေးတွေနဲ့  ကြီးပွါးချမ်းသာနေတဲ့  တချို့ သော ပုဂ္ဂိုလ်တွေက သမတဦးသိန်းစိန်အစိုးရက ပြည်တော်ပြန်လာဖို့  ခေါ်လို့  ပြန်သွားနိုင်ပေမဲ့  သူတို့ မှာ နေစရာတိုက်တွေ ကားတွေ ရှိနေပြီးသားပါ ။ တကယ်အမှန် ခေါ်ရမှာက နယ်စပ်ဒေသတွေများသာ ဖြစ်ပါတယ် ။ ဒုက္ခသည်များ မရှိမှ -ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိသမျ မည်သူမဆို မြန်မာနိုင်ငံကို ပြန်လာချင်ကြသူတွေဖြစ်မယ်လို့  ထင်ပါတယ် ။
       တချိန်တည်းမှာဘဲ တကွဲတပြားစီ ခေါ်တွေ့ နေတဲ့  လက်နက်ကိုင် အဖွဲ့ တွေနဲ့ ပတ်သက်လို့  အခုနောက်ဆုံး ရခိုင်ပြည်လွပ်မြောက်ရေးပါတီကို ခေါ်ထားတာ ကြားနေရပါတယ် ။ နယ်စပ်နဲ့  ပြည်ပမှာ နိုင်ငံရေးအဖွဲ့ အစည်းတွေက မှိုလိုပေါက်ပြီး ရှိနေတာမို့  အခုလဲဘဲ ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ မှာလဲဘဲ အများကြီးရှိနေတဲ့ အထဲက ဒီအဖွဲ့ ကို ခေါ်ယူတွေ့ ဆုံနေတာကို ကြားရတာပါ ။ လွန်ခဲ့ တဲ့  -၁၉၆၃- ခုနှစ်က ရခိုင်ပြည်ကွန်မြူနစ်ပါတီက ဥက္ကဋ္ဌ ဦးကျော်ဇံရွှီးက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွး
ပွဲမှာ လူမျိုးတိုင်းရဲ့  ကိုယ်ပိုင်ပြဋ္ဌန်းပိုင်ခွင့်အရ ခွဲ ထွက်လိုက ခွဲထွက်ပိုင်ခွင့်နဲ့ ပူးပေါင်းလိုက ပူးပေါင်းခွင့်ဖြင့် ရခိုင်သမတနိုင်ငံအဖြစ် ထူထောင်သွားရန်နဲ့ ရခိုင်အမျိုးသားတက်ပေါင်းစုပါဝင်တဲ့   ပြည်ထောင်စုမြန်မာနိုင်ငံမှာ ပါဝင်ရန် ဆိုတဲ့  အချက်အလက်တွေကို တင်ပြတောင်းဆိုခဲ့ ပါတယ်။ အဲဒီတောင်းဆိုမှုတွေကို မရခဲ့ လို့ ဘဲ ဥက္ကဋ္ဌကြီး ဦးကျော်ဇံရွှီးတို့  အဖွဲ့ ဟာ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်ရာကနေ ထောထဲကို ပြန်သွားကြရပါတယ်။  ကျနော်တို့  အခုအချိန်မှာ သတိထားရမှာက ရခိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့  သဘောတရားနဲ့  ရခိုင်လူမျိုးများရဲ့  စိတ်နေသဘောထားကို ပါဘဲ ။
       သမိုင်းနဲ့ ချီလို့  ရှိနေတဲ့  ရခိုင်လူမျိုးတွေရဲ့  စိတ်ဆန္ဒထဲမှာ ဘိုးတော်မောင်ဝိုင်းကြောင့် ရခိုင်နိုင်ငံပျက်စီး ဆုံးရှုံးခံခဲ့ ရတာ ၊ ရခိုင်လူမျိုးတွေ သိန်းနဲ့ ချီလို့  သေကြေခဲ့ ရတာတွေဟာ သမိုင်းမှာ အထင်အရှားရှိနေတာပါ။ ပြီးတော့ အင်္ဂလိပ် လက်အောက် ရောက်သွားခဲ့ တဲ့ အချိန်မှာ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေ သတ်ဖြတ်ခံရတာတွေ ။ ဂျပန်လက်အောက်မှာ ကိုလိုနီဖြစ်နေချိန် လူတွေသေကြေ နှိပ်ကွပ်ခံနေရတာတွေ ၊ နောက်ဆုံးမှာ ပင်လုံမှာ ရခိုင်နိုင်ငံရေးသမားတွေက နိုင်ငံရေးအသိနည်းပါးခဲ့ လို့  ရခိုင်နိုင်ငံတော် ဘ၀ကနေ ပြည်နယ်တောင် ပျောက်သွားခဲ့ ရတာတွေ ။ ဒါကြောင့်မို့ လို့  ပင်လုံညီလာခံကို အယုံအကြည့် မရှိတာတွေ ။ နောက်ပြီးတော့ မြန်မာနိုင်ငံ လွပ်လွပ်ရေးရသွားတဲ့  ၁၉၄၈-ခုနှစ် ဇန္န၀ါရီလ-၄-ရက်နေ့ ကို ရခိုင်လူမျိုးတွေက ဗမာလက်အောက် ကိုလိုနီဖြစ်သွားရတာလို့  သူတို့ ရဲ့  ထုတ်ဝေနေတဲ့  သဘောတရားတွေ ရေးသားနေကြတာတွေမှာ တွေ့ မြင်နေကြရမှာပါ ။
ပြောရရင် ဒါတွေဟာ အရှိအတိုင်း ရခိုင်နိုင်ငံရေးသမိုင်းဖြစ်စဉ်တွေပါဘဲ ။ ဒါကို နားလည်တဲ့  ဘယ်သူမဆို ရခိုင်လူမျိုးတွေရဲ့  စိတ်နေသဘောထားနဲ့  အတွေးအခေါ်တွေကို ဆက်စပ်ပြီးတော့ ညှိနိုင်းကြမယ်ဆိုရင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေဟာ  အဆင်ပြေစရာ တွေဖြစ်လာမယ်လို့  ယုံကြည်ပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးကမ်းလှမ်းမှူ ဆိုတဲ့  ဝေါဟာရကို သုံးထားပါတယ် ။ 
     ဒီတော့ ပထမအချက်ကို ဆွေးနွေးပေးပါမယ်။ ရခိုင်လူမျိုးတို့ ရဲ့  ဘိုးဘွားဘီဘင်တွေကို သေကြေသတ်ဖြတ်သွားခဲ့ ပြီးနောက် ရခိုင်နိုင်ငံတော်ကို သိမ်းပိုက်ခဲ့ တဲ့  ဘိုးတော်မောင်ဝိုင်းရဲ့  လူမဆန်စွာ ရက်စက်မှုကို ကျနော်တို့  ခွှင့်လွှတ်နိုင်ရအောင် ကြိုးစားနေပါတယ်။ ဒီလိုကြိုးစားနေမှုအပေါ် အခုအုပ်ချုပ်နေတဲ့ သမတ ဦးသိန်းစိန်အစိုးရတွေ -ဗမာနိုင်ငံရေးအဖွဲ့ အစည်းတွေ နိုင်ငံရေးသမားတွေက အဲဒီအချိန်က လက်နက်အားကိုးနဲ့  ဒါးခေတ်လှံခေတ်မှာ ဖြစ်ပျက်နေခဲ့ တာကို တောင်းပန်ပါတယ်ဗျာလို့  ပြောရဲတဲ့  လူကို ရခိုင်တွေက  လိုချင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလို ရက်ရက်စက်သေကြေဆုံးရှုံးသွားကြတဲ့  သူတွေအတွက် အခုလို ကြေအေးစေဖို့  တောင်းပန်စကား ဆိုလိုက်ရင် ဒီစကားဟာ သမိုင်းဝင် လူကြီးလူကောင်းတွေရဲ့  စကား တခုအဖြစ် သက်ရောက်သွားမှာ ဖြစ်သလို ဒီလို ရန်ကိုရန်ချင်း မတုန့် ပြန်ဘဲ ခုခေတ်မျက်မှောက်ကာလမှာ အတိတ်က ဖြစ်ရပ်ဆိုးတွေကိုလဲဘဲ သင်ပုန်းချေခြင်းတရပ်လို့  မြင်ပါတယ်။
ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့ တာမို့ လို့ လဲဘဲ ဒီလိုတောင်းပန်လိုက်ခြင်းဖြင့်  တနေရာရာမှာတော့ ထိထိရောက်ရောက် အသုံးကျသွားမှာပါ ။ နောက်တချက်ကတော့ ဥက္ကဋ္ဌကြီး ဦးကျော်ဇံရွှီးပြောသလို ခွဲ ထွက်ပိုင်ခွင့် လိုက ခွဲ ထွက်ပိုင်ခွင့် ရှိရမယ် - ပူးပေါင်းလိုက ပူးပေါင်းခွင့်ရှိရမယ်ဆိုတာဟာ -၁၉၄၇-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့  နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းတို့  ရေးဆွဲ့ ချမှတ်ခဲ့ ထားတာကို အသက်သွင်း တောင်းဆိုခြင်းပါဘဲ ။
       လူမျိုးတိုင်း လူမျိုးတိုင်းဟာ အတူလက်တွဲပြီးတော့ နေထိုင်ပေါင်းသင်းနေကြမယ် ဆိုရင် တန်းတူအခွင့်အရေး ရရှိနေလို့ ကတော့ မည်သူကမျ တကွဲတပြားနေချင်တဲ့  စိတ်ဆန္ဒရှိကြမှာမဟုတ်ပါဘူး ။ အခုဆိုရင် နိုင်ငံတကာဟာ မဟာမိတ်အဖွဲ့ များ ဖွဲ့ ပြီး နေကြတာကို ကြည့်ရင် ရခိုင်ရိုးမတောင်ရံ့  တဖက်တချက်မှာ ရှိတဲ့ ရခိုင်လူမျိုးတွေနဲ့  ဗမာလူမျိုးတွေဟာ ခွဲထွက်လို့ လဲ နေကြမှာ မဟုတ်သလို ထာဝစဉ် သမိုင်းနဲ့ ချီလို့  အငြင်းပွါးနေရမဲ့  လူမျိုးတွေလဲ ဖြစ်လာမှာမထင်ပါဘူး ။ ဘာဖြစ်လို့ ဆိုတော့ သူတို့ တွေ အချင်းချင်း တန်းတူအခွင့်အရေးကို တပြေးညီ ခံစားနေကြရလို့ ဘဲ ဖြစ်ပါတယ်။  နောက်တချက်ကတော့ ပင်လုံမှာ ရခိုင်နိုင်ငံတော် ပျောက်ခဲ့ ရတာမို့  ရခိုင်လူမျိုးတွေဟာ ပင်လုံစာချုပ်နဲ့  ဖြစ်လာတာမှန်သမျ ရခိုင်လူမျိုးတွေက စိတ်နာကျဉ်းနေကြတာပါဘဲ ။ နိုင်ငံရေးအရ သံသယ ရှိနေကြတာလဲ အမှန်ပါဘဲ ။ ဒီတော့ခါ ဒီမယုံကြည်မှုတွေ ဒီသံသယတွေကို ဘယ်လိုဖျောက်ဖျက်ကြမှာလဲ ဆိုတဲ့ အဖြေကို ရှာကြည့်ရမှာပါ ။ ဘာဖြစ်လို့ ဆိုတော့ ပင်လုံညီလာခံကြောင့် မြန်ာမနိုင်ငံ လွပ်လွပ်ရေးရသွားတဲ့ အခါ ရခိုင်နိုင်ငံဟာ ပျောက်ကွယ်သွားခဲ့ ရပါတယ်။ ဒါကို ဥက္ကဋ္ဌ ဦးကျော်ဇံရွှီးက ဘုရင်စနစ် မလိုတော့ဘဲ သမတ စနစ်နဲ့  ရခိုင်နိုင်ငံရေးစနစ်ကို အကောက်အထည် ဖေါ်ဆောင်သွားမှာမို့  ပြည်ထောင်စုမြန်မာနိုင်ငံအထဲ ရခိုင်သမတနိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရေးကို တောင်းဆိုသွားခြင်းသာဖြစ်တယ်။
    အဲဒီတုံးက စစ်အာဏာရှင် ဗိုလ်ချုပ် နေ၀င်းကို  မည်သူကမျှ နိုင်ငံရေးအကြံပေးခြင်းတွေ မပြုလုပ်ခဲ့ တဲ့ အတွက် မြန်မာနိုင်ငံအထဲ ရခိုင်သမတနိုင်ငံအဖြစ် ပါဝင်မယ်ဆိုတာကို ဂဂဏဏ မစဉ်းစားဘဲ လမ်းခွဲ သွားကြတယ် ။ ဒီလိုလမ်းခွဲ သွားကြလို့ လဲဘဲ တောတွင်းလက်နက်ကိုင် ပဋိပက္ခဟာ အခုအချိန်ထိ ရှည်လျှားနေတယ်လို့  ကျနော်ထင်တယ်။  ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးကြရာမှာ လက်နက်ကိုင် အဖွဲ့ ချုင်းဖြစ်ကြတာမို့  အပစ်အခတ်ရပ်စဲရေးဟာ ပထမ အဓိက ဦးစားပေး လုပ်ကြရမှာပါ ။ ဒီလိုအပစ်အခတ် ပြုလုပ်ကြသူအချင်းချင်း နယ်မြေဒေသတွေကို ရွေးချယ်ပြီးတော့ ကန့် သတ်နယ်မြေများအဖြစ် ပြုလုပ်ဆောင်ရွက် ကြရပါတယ် ။ ဒါက ပထမအဆင့်ပါဘဲ ။ ဒုတိယအဆင့်ကတော့ တွေ့ ဆုံခြင်းပါဘဲ ။ ဒီလိုတွေ့ ဆုံခြင်းဟာ အရှည်သဖြင့် ထာဝရငြိမ်းချမ်းရေးကို ဦးတည်စေမှာမို့  အမှန်တကယ် လုပ်ပိုင်ခွင့်ရှိသောသူများဖြစ်တဲ့  ဥပမာ ပြည်သူ့ လွှတ်တော် ညီလာခံ သို့ မဟုတ် သမတဦးသိန်းစိန်၏ လုပ်ပိုင်ခွင့် အာဏာဘောင်အ၀န်းအ၀ိုင်းရောက်မှသာ နိုင်ငံရေးဆွးနွေးပွဲကို ကျင်းပကြရမှာဖြစ်တယ်လို့ မြင်တယ်။ ဒီလိုမှန်းမဟုတ်ဘဲ  တွေ့ လိုက်တာနဲ့  မဖြစ်နိုင်တာတွေကို တောင်းဆိုလာလို့  ရွှေညောင်ညိုပင် ကို မရောက်ခင် မှာ လမ်းခွဲ သွားကြရပြီဆိုတာမျိုး မဖြစ်ရအောင် တဖက်နဲ့ တဖက် နားလည်မှူ ရှိနေထားဖို့  လိုအပ်ပါတယ်။  ဒါကြောင့် တွေ့ ဆုံခြင်းဟာ တွေ့ ဆုံခြင်းဘဲဖြစ်သလို  နိုင်ငံရေးဆွေးနွေး ပွဲ သဘောတူခြင်း မဟုတ်ဘူးဆိုတာ သိထားဖို့ လိုပါတယ် ။ ဒီနေရာမှာ အပစ်အခတ်ရပ်စဲခြင်း ၊ တွေ့ ဆုံခြင်း ၊ နိုင်ငံရေးဆွေးနွေးခြင်းဟာ အဆင့်သုံးဆင့်စီနဲ့  သွားရမှာဖြစ်တယ်လို့  ထင်တယ်။
      ကျနော့်သဘောအတိုင်း ပြောရင် သမိုင်းက ပဋိပက္ခတွေ အငြိုးတွေကို ဖြေသိမ့်စေချင်တာအမှန်ပါဘဲ ။ ဒီအငြိုးသံသရာကို ရပ်တန့် စေချင်ပါပြီ ။ တချိန်က သွေးထွက်သံယိုမှူတွေကို မျက်ဖြေလင်္ကာနဲ့  ဆေးကြောဖို့ အတွက် ကျနော်တို့  သတ္တိ ရှိနေဖို့ လိုပါတယ်။ အဲဒီသတ္တိဟာ အမှန်တရားကို လက်ကိုင်ထားခြင်းပါဘဲ ။ အတိတ်ကဖြစ်စဉ်တွေကို ခ၀ါချ တောင်းပန်ခြင်းဟာ သင်ပုန်းချေခြင်းဘဲဖြစ်ပါတယ်။ ဒီလိုခ၀ါချ တောင်းပန်ခြင်းကို တချို့  ရခိုင်လူမျိုးတွေရော ဗမာလူမျိုးတွေရော ကြိုက်ချင်မှ ကြိုက်ကြမှာပါ ။ ဒါပေမဲ့  ငြိမ်းချမ်းရေးအတွက် ပြောကြမယ်ဆိုရင် ပဋိပက္ခကို ရေနူးပြီး ပြောနေမဲ့ အစား မေ့ပျောက်သွားအောင် အကောင်းဆုံးနည်းဟာ တောင်းပန်ခြင်းနဲ့  ခွင့်လွှတ်ခြင်းထက် ဘာမှ မရှိပါဘူး ။ အဲဒီလိုသာ တဦးနဲ့ တဦး ခွင့်လွှတ်နားလည်ခြင်းနဲ့ ရှိသွားကြပြီဆိုရင် အတူယှဉ်တွဲ နေထိုင်ရေးဟာ ဘယ်နည်းနဲ့ မဆို ဖြစ်လာမှာ သေချာပါတယ် ။ ဒါပေမဲ့  တန်းတူရေးနဲ့  ကိုယ်ပိုင် ပြဋ္ဌန်းပိုင်ခွင့် ဆိုတဲ့  မူကတော့ ရှိနေရပါလိမ့်မယ် ။  တနေ့ က ကြားလိုက်ပါတယ် ။  တောင်ကုတ်မြို့မှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောဆိုသွားတာပါ ။ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်က တိုက်တဲ့  မုန်တိုင်းကို ရခိုင်လူမျိုးတွေက ခံစားနေရရင် ဘ၈င်္လားပင်လယ်အော်က ရရှိတဲ့  သဘာဝဓါတ်ငွေ့ တွေကို ရခိုင်လူမျိုးတွေက မခံစားထိုက်ပါသလားတဲ့ ။ ဒါက ရှင်းနေပါတယ်။ ရခိုင်လူမျိုးတွေဟာ ရွှေဂါတ်စီမံကိန်းကဘဲဖြစ်ဖြစ် ဘယ်ကဘဲဖြစ်ဖြစ် သူတို့ တွေရဲ့  နယ်မြေ ဒေသကထွက်တဲ့  သယံဇါတတွေကို ခံစားချင်ကြသူများ ဖြစ်ပါတယ် ။ အမှန်တကယ်လဲ ခံစားရမဲ့ သူများဖြစ်တယ် ။ သူတို့ ဟာ အိမ်ပိုင်ရှင် မြေပိုင်ရှင်တွေ ဖြစ်တယ် ။ ဒါကြောင့် သူတို့  ခြံက ထွက်တဲ့  အသီးအနှံကို သူတို့  စိတ်ကြိုက် ရောင်းပိုင်ခွင့် ၊ စားသုံးခွင့် ၊ ၊ စိုက်ပျိုးခွင့်နဲ့  လှူဒန်းနိုင်ခွင့် ၊ အလကား ပေးပိုင်ခွင့် ရရှိသူများဖြစ်တယ် ။ ဒါကြောင့် အခုအချိန်မှာ ရခိုင်ပြည်လွပ်မြောက်ရေးပါတီကို သမတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့  ခေါ်နေပြီဆိုရင် ဒီအချက်ဟာ အဓိက အရေးကြီးတဲ့ နေရာက အစိပ်အပိုင်းတရပ်အနေနဲ့  ပါဝင်ပတ်သက်လာမှာပါ ။  ပြည်သူ့ လွှတ်တော် ညီလာခံမှာ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လိုမှ တောင်းဆိုလို့  မရတာတွေကို ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေက ငြိမ်းချမ်းရေးလိုချင်ရင် ရွှေဂါတ်စီမံကိန်းက ရှယ်ယာတွနဲ့  အလှဲအလှယ် လုပ်ကြရပါလိမ့်မယ် ။ ဒါဟာ တန်းတူရေးနဲ့  ကိုယ်ပိုင်ဥပဒေပြဋ္ဌန်းပိုင်ခွင့်ရဲ့  တစိပ်ဒေသဖြစ်ပြီး ပြည်မက ဗမာလူမျိုးတွေနဲ့  ရခိုင်ရိုးမတောင်ရဲ့ အနောက်ဖက်က ရခိုင်လူမျိုးတွေ ရဲ့  လူနေမှူစနစ် အတူတူ ဖြစ်သွားနိုင်တယ်လို့  ထင်မှတ်နေကြကြောင်းပါ ။ ဒီလိုပြသနာတွေကို ပြည်သူ့ လွှတ်တော်ညီလာခံမှာ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုနေတာ မရလို့  ပြည်သူလူထုကို ချပြနေကြတာဖြစ်တယ်။ ပြီးတော့ ဆရာတော် ဦးဥတ္တမမွေးနေ့ ကို အစိုးရရုံးပိတ်ရက် လုပ်ရမှာတွေ ၊ ရခိုင်စာပီတွေကို ကျောင်းတွေမှာ သင်ကြားခွင့် မရရှိတာမျိုးတွေ ။ ရခိုင်သတင်းစာတွေ ထုတ်ဝေခွင့် မရရှိသေးတာမျိုးတွေ ၊  ပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ ရခိုင်ပြည်နယ် မဟုတ်ဘဲ ရခိုင်နိုင်ငံအဖြစ် သတ်မှတ်ခွင့် တောင်းဆိုတာမျိုးတွေကို အသိအမှတ်ပြု ဆွေးနွေးလက်ခံကြမယ် ဆိုရင်ဖြင့် အခုအချိန်မှာ ထာဝရပြည်တွင်းငြိမ်းချမ်းရေးလမ်းစဟာ ရောင်နီပေါ်လာသလို ထင်သာမြင်သာ ရှိလာနေပြီလို့  ပြောရင် ဖြစ်နိုင်ပါကြောင်းပါဗျာ ။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment